Welcome to Open Myanmar Initiative
သင်ရိုး

မြန်မာနိုင်ငံသားများ၏ သိခွင့်သိလမ်းနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးကို ပါ၀င်ပံ့ပိုးမည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ သိခွင့်သိလမ်းဆိုင်ရာ လုပ်ငန်းများကို မိတ်ဆက်သည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ရန်ကုန်မြို့ အင်းစိန်လမ်းပေါ်ရှိ အဆိုပါရုံးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

“မြန်မာနိုင်ငံသားများ သိခွင့်သိလမ်း မိတ်ဆက်” ဟု အမည်ပေးထားသည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပွင့်လင်းမြန်မာ့ရှေ့ဆောင် အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က သိခွင့်သိလမ်းဥပဒေတစ်ရပ်ပေါ်ပေါက်ရေးတွင် ရန်ကုန်အခြေစိုက် သုတေသနနှင့် ပညာရေးအဖွဲ့မှ ပါ၀င်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ ဥပဒေတစ်ရပ် လိုအပ်မှုနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံသားများ၏ သတင်းအချက်အလက် ရယူနိုင်မှုနည်းပါးသည့်အခြေအနေများနှင့် တည်ဆဲကိုလိုနီခေတ်ဥပဒေများကို ပြန်လည်ဆန်းသစ်ရန် လိုအပ်မှုများကို ထည့်သွင်းပြောကြားသွားခဲ့သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်၏ အကြံပေးတစ်ဦးဖြစ်သော ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးလည်း အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ပြီး အမှန်တကယ် သန့်ရှင်းသောအစိုးရတစ်ရပ်ပေါ်ပေါက်ရေးအတွက် အများပြည်သူဆိုင်ရာ အချက်အလက်များကို အများပြည်သူ သိရှိနိုင်ခွင့်ရှိရန်လိုကြောင်း ပြောကြားခဲ့သည်။

အများပြည်သူ သိခွင့်သိလမ်းဆိုင်ရာ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေးနှင့် ပတ်သက်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်မှ ဆောင်ရွက်မည့် လုပ်ငန်းများတွင် အများပြည်သူအကြား အသိပညာပေးမှုများ ပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲရေးတွင် ဘက်ပေါင်းစုံမှ အသံများ ပါ၀င်နိုင်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် ဥပဒေရေးဆွဲရာတွင် လိုအပ်သော အထောက်အပံ့များပေးခြင်းတို့ ပါ၀င်မည်ဖြစ်သည်။

ပွင့်လင်းမြန်မာ့ရှေ့ဆောင်သည် လွှတ်တော်ကို လေ့လာစောင့်ကြည့်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး လက်ရှိအချိန်အထိ လေ့လာစောင့်ကြည့်ရေး အစီရင်ခံစာ သုံးစောင်ကို ထုတ်ပြန်ထားကာ လွှတ်တော်အချက်အလက်များ ပါ၀င်သည့် အင်တာနက်ဝက်ဘ်ဆိုဒ်တစ်ခုလည်း လွှင့်တင်ထားသည်။